ရည်ရွယ်ချက်

လောက၌ဆင်းရဲဒုက္ခအပေါင်းဖြစ်ပွားနေသည်ကို တွေ့ရသည်ရှိသော စိတ်အင်အား နည်းသူတို့သည် ကြောက်ရွံ့တုန်လှုပ်ကုန်၏။ စိတ်အင်အားကြီးမား၍ နှလုံးသား ကျယ်ပြန့်သူတို့သည်ကား မေတ္တာကရုဏာတရားတို့ နိုးထပွင့်လန်းလာကြကုန်၏။ ဓမ္မနဒီမှ ဓမ္မမိတ်ဆွေသူတော်ကောင်း အပေါင်းတို့သည်လည်း မိမိတို့ပတ်ဝန်းကျင်မှ ဒုက္ခဆင်းရဲကြုံတွေ့နေရလေသော ဝေနေယျများကို တွေ့လေရာတွင် ကူညီဝေမျှလိုစိတ်များ ဖြစ်ပေါ်လာသောကြောင့် ဓမ္မနဒီဝိုင်းတော်သား တို့သည်ပရဟိ တအစုအမက်လေးတစ်ခုကို ဖွဲ့စည်းခဲ့ပါသည်။
အဖွဲ့အစည်းလေး လုပ်ဖြစ်တဲ့ အဓိကအကြောင်းအရာကတော့ ကလေးဆေးရုံမှာ မိဘတွေဟာ မိမိရဲ့ကလေးကို ထားခဲ့ပြီးထွက်ပြေးသွားတာမျိုး တွေ့ရှိနေရပါသည်။  ထို့အပြင်ကလေးဆေးရုံ၌ အောက်ဆီဂျင်၊  သွေး၊ ဆီး၊ Investigations လုပ်နိုင်ဖို့အတွက် အကူအညီများ များစွာလိုအပ်လျှက်ရှိပါသည်။ဆေးရုံမှ တတ်နိုင်သလောက် စိုက်ပေးသော်လည်း အားလုံးမှာ မရှိဆင်းရဲသားများဖြစ်သောကြောင့် မလုံလောက်ငှကြပါ။ ထို့အပြင် သဘာဝဘေးအန္တရာယ်ဖြစ်ခဲ့လျှင် ဘေးဒုက္ခရောက်နေတဲ့ အရပ်တွေကို လိုအပ်တဲ့အကူအညီများ အလျှင်အမြန်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ ဒီစေတနာ အလှူရှင်များ အဖွဲ့က အဆင်သင့် စုဖွဲ့ပြီးသားဖြစ်အောင်   ဖွဲ့စည်းရခြင်း ဖြစ်ပါသည်။
ဓမ္မနဒီ၏ ပရဟိတလုပ်ငန်းများသည် အတတ်နိုင်ဆုံး ကိုယ်ထိလက်ရောက် တိုက်ရိုက်ကူညီပေးနိုင်သည့် လုပ်ငန်းများမှ စတင်လုပ်ဆောင်မည်ဖြစ်ပြီး ဆောင်ရွက်ရာတွင်လည်း ပွင့်လင်းမှု၊ ထင်သာမြင်သာရှိမှု၊ တာဝန်သိမှုများအပြင် အကူအညီအစောင့်အရှောက် ခံပုဂ္ဂိုလ်များ၏ လူသားဂုဏ်သိက္ခာနှင့် လူ့တန်ဖိုးဖြစ်သော အခြေခံလူသားအခွင့်အရေးများကို ဦးစားပေး၍ ဆောင်ရွက်သွားမည်ဖြစ်၏။ အလှူရှင်များ၏ စိတ်ကျေနပ်မှုနှင့် မိမိတို့၏ အလှူငွေများအယိုအဖိတ်မရှိပဲ အထိရောက်ဆုံး အကောင်းမွန်ဆုံးနည်းများဖြင့် အကူအညီအစောင့်အရှောက်ခံ ပုဂ္ဂိုလ်များထံသို့ ရောက်ရှိအောင် ဆောင်ကြဉ်းပေးမည် ဖြစ်ပါသည်။
မိုင်တစ်သောင်းရှိသော ခရီးသည် ခြေတစ်လှမ်းဖြင့်စတင်ရဘိသကဲ့သို့ ဓမ္မနဒီ၏ပရဟိတ ခြေလှမ်းများအနက် ပထမဆုံးခြေလှမ်းကို စတင်ရန် ပြင်ဆင်နေပြီဖြစ်ရာ ဓမ္မနဒီ၏ ပရဟိတခြေလှမ်းများကို ထောက်ခံအားပေးသည့်အနေနှင့် ပါဝင်ကူညီလှူဒါန်းပေးကြပါရန် ဓမ္မမိတ်ဆွေများအားလုံးအတွက် လောကီလောကုတ္တရာနှစ်ဖြာသော အကျိုးတို့ကို မျှော်ရည်၍ နှိုးဆော်လိုက်ရပါသည်။

ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့သူတော်ကောင်းတရားမြတ် တွေ့ရှိကြပါစေ။  

                                                                                                 

0 comments:

Post a Comment